ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲတက်ရောက်၍ ဆုရသူများအားဆုချီးမြှင့်

တောင်ကြီး   စက်တင်ဘာ  ၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင်  ပြိုင်ပွဲများအလိုက် ဆုရကျောင်းသား/ကျောင်းသူများကို ဆုချီးမြှင့်ခြင်းအား  ယမန်နေ့ နံနက် ၉ နာရီခွဲက  တောင်ကြီးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာအလင်္ကာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက်၍ ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင်  ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှု ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့် ဆုချီးမြင့်ပွဲကို ကျောင်းသား/ကျောင်းသူများအနေဖြင့် စာအုပ်၊ စာပေများအား ချစ်ခင်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့်  စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားစေရန်အတွက် ရည်ရွယ်ကျင်းပခဲ့သည့်ပွဲတော်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ  စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ပိုမိုရရှိစေရန်လည်း  စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကိုပါ  ထည့်သွင်းကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက်  ကျောင်းသား၊ ကျောင်းသူများအနေဖြင့်   စာအုပ်၊ စာပေများကို  မဖြစ်မနေလေ့လာ ဖတ်ရှုကြရမှာဖြစ်ကြောင်း၊ စာပေဖတ်ရှုခြင်း အလေ့အကျင့်ကို  အလေ့အထတစ်ခုဖြစ်အောင် ဆက်လက်လေ့ကျင့်မွေးမြူသွားကြရမှာ ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အချင်းချင်း ချစ်ခင်ရင်းနှီး စည်းလုံးညီညွတ်စေရန်၊ ဉာဏစွမ်းရည်များ တိုးတက်လာစေရန်အတွက် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ထည့်သွင်းကျင်းပပေးကာ ဆုရသူများကို  ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်တွင် ပျော်မွေ့စေရန်၊ စာကြည့်တိုက်နှင့် ချစ်ခင်ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် လူ့စွမ်းအားအရင်းအမြစ်များ ပြည့်ဝသည့် လူတော်လူကောင်းများ ဖြစ်လာစေရေး ဆက်လက်ပြီး လေ့ကျင့်ပျိုးထောင်ပေးကြရန်၊ ကျောင်းစာကြည့်တိုက်များကိုလည်း  သတ်မှတ်စံ(၅) ရပ်နှင့်ညီညွတ်ပြီး  ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်သည့် စာကြည့်တိုက်များဖြစ်အောင် ဆက်လက်ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။

ဆက်လက်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက  ရှမ်းတိုင်းရင်းသားရိုးရာအကနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဦးရွှေရိုး၊ ဒေါ်မိုးအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျပန်း စကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတို့တွင် အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ပေးကြသည့် တောင်ကြီးမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ/ဆရာမ(၈)ဦး အပါအဝင် ဆရာ/ဆရာမအကဲဖြတ်ဒိုင်များကို  ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ထွန်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ်တို့က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြင့်ကြပြီး အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပအိုဝ်းတိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ 

ယင်းနောက် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု ရရှိသူများကို  ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင်  ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၏ဇနီး ဒေါ်သီတာဦးကလည်းကောင်း၊ ပုံပြင်ပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများကို  ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းကလည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများကို  ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနာယက  ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ညိုမီစောကလည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကလည်းကောင်း  ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ပေးသည်။

ဆက်လက်၍ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူတို့က "မေတ္တာဖျန်းမှ လန်းဆန်းမယ်" သီချင်းအား စောင်းဖြင့် တီးခတ်သီဆိုဖျော်ဖြေပေးကြပြီး ပုံပြင်ပြော၊ ကဗျာရွတ်၊ ကျပန်းစကား ပြောပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် ကျောင်းသူများမှ လက်တွေ့သရုပ်ပြ ပြန်လည်တင်ဆက်ကြကာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက "ပညာဘဏ်တိုက် စာကြည့်တိုက်" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းနှင့် ဆုချီးမြှင့်ပွဲ၌ ကပြဖျော်ဖြေ တင်ဆက်ပေးကြသည့် ကျောင်းသား၊ကျောင်းသူလေးများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)