ရန်ကုန် စက်တင်ဘာ ၇
Pro creative Center (PCC) Arts and Media School သင်တန်းကျောင်း၏စီစဉ်ကျင်းပသည့် “Film Production” Free Workshop အား ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ Film Development Centre သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ “Film Production” Free Workshop တွင် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက မုဒိတာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ “Film Production” Free Workshop ပြုလုပ်ရခြင်းနှင့် Workshop အတွင်း သင်ကြားပေးမည့် သင်တန်းပုံစံအား Pro creative Center (PCC) မှ သင်တန်းနည်းပြဖြစ်သူ ဒါရိုက်တာဝင်းထွန်းထွန်းက ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် “Film Production” Free Workshop ကို ဆက်လက်ကျင်းပရာ ဒေါ်ဆွေဇင်ထိုက်က The Role of Film Producer in New Era ဘာသာရပ်ကိုလည်းကောင်း၊ ဒါရိုက်တာဝင်းထွန်းထွန်းက The Art of Directing & Cinematography ဘာသာရပ်ကိုလည်းကောင်းသင်ကြားပို့ချသည်။
အဆိုပါသင်တန်းကို ရုပ်ရှင်အနုပညာဆိုင်ရာဘာသာရပ်တွေကို စိတ်ဝင်စားသူ၊ လေ့လာသင်ယူ လိုသူလူငယ်များအတွက် စိတ်ခွန်အားပြည့်ဝကြစေဖို့၊ မိမိတို့ဖြစ်ချင်တဲ့ရုပ်ရှင်အနုပညာနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ကြတဲ့နေရာမှာ ထိရောက်တဲ့ အထောက်အပံ့ကောင်းများဖြစ်စေဖို့ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပို့ချခြင်းဖြစ်ပြီး သင်တန်းသား/သူ(၅၀)ဦးတက်ရောက်ကြောင်းသိရသည်။
ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၏ ရည်ရွယ်ချက်ဖြစ်သည့် Training ၊ Discussion ၊ Connection အနက် Connection အဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)