လူထုအခြေပြုဗဟိုဌာန၌ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်ပြပွဲများ ကျင်းပ

စဉ့်ကိုင် စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တရုတ်စု(အ.လ.က)နှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌   ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/သူ  ကလေးငယ်များစာပေနှင့်ထိတွေ့၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များပေါ်ပေါက်လာကာ စာပေဖတ်ရှုခြင်းဖြင့် အတွေးအမြင်ဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်၊ အမှား/အမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်စွမ်းရည်များတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် သွက်လက်ထက်မြတ်သော ကလေးများဖြစ်ပေါ်လာစေရေးတို့ကိုရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးရခြင်း‌ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပခဲ့ရာ တရုတ်စု(အ.လ.က)မှ အလယ်တန်းကျောင်းသား/သူ(၁၃)ဦးတို့က ပန်းချီပြိုင်ပွဲတွင်လည်းကောင်း၊ အလယ်တန်းကျောင်းသား/သူ (၁၂)ဦးတို့က စာစီစာကုံးပြိုင်ပွဲတွင်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့‌နောက် ကျောင်းသား/သူလေးများကအဆိုပါ ဦးစီးဌာနအတွင်း ပြသထားသော  အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစုံလင်သည့်  စာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စွာ ( စဉ့်ကိုင်) (၃၉၉)