ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ခြင်းပြိုင်ပွဲများ ကျင်းပ

ချမ်းမြသာစည် စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ခြင်းပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပြိုင်ပွဲများကို အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ဟူ၍ သတ်မှတ်ပြိုင်ပွဲဝင်ကြပြီး ‌ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်းအဆင့် စာစီစာကုံးအတွက် "ပညာဥယျာဉ်မှူး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးအတွက် "ဆရာမပြ နည်းမကျ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာရေးစပ်ခြင်းတွင် " ကြယ်ဓူဝံပမာမြတ်ဆရာ"၊ အလယ်တန်းအဆင့်တွင် "ဆရာသခင်ကျေးဇူးရှင်" ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာရေးစပ်ခြင်းပြိုင်ပွဲများသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူစုစုပေါင်း ၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူး၊ ဒုမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

ချမ်းမြေ့