မိတ္ထီလာမြို့နယ် လူထုအခြေပြု ဗဟိုဌာနတွင် အခမ်းအနားမှူး သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားမှူး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍  ကျောင်းသားလူငယ်များ ပြောရဲဆိုရဲသတ္တိရှိအောင် ပြိုင်ပွဲများကိုလစဉ် ကျင်းပပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းကိုလည်း မိတ္ထီလာခရိုင်အတွင်းကျင်းပသည့် နိုင်ငံတော်အဆင့်အခမ်းအနားများ၊ မြို့နယ်အဆင့်အခမ်းအနားများ၊ ပညာရေးဌာနမှကျင်းပသည့် အခမ်းအနားများတွင် အခမ်းအနားမှူးကောင်းတစ်ဦးဖြစ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ သင်တန်းမှသင်ကြားပို့ချပေးမည့် သင်ခန်းစာများကို မှတ်သားလေ့ကျင့်ပြီး မိမိတို့ မြို့နယ်များတွင်ကျင်းပသည့် အခမ်းအနားများတွင် လက်တွေ့ဆောင်ရွက်နိုင်ရန်  စာတွေ့လက်တွေ့လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားမှူးသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများနှင့် မိတ္ထီလာခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာမများ စုစုပေါင်း ၅၂ ဦး တက်ရောက်ခဲ့ပြီး ၎င်းသင်တန်းတွင် အခမ်းအနားမှူးကောင်းတစ်ဦးတွင်ရှိရမည့် ဝတ်စားဆင်ယင်မှုများ၊  စကားပြော အတက်ပညာ၊  ဆောင်ရွက်ရမည့်အချက်များ၊ လိုက်နာရမည့် အချက်များအား စက်တင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)