မိုင်းပျဉ်းမြို့နယ်တွင် အ.ထ.ကကျောင်း၏ ၂၀၂၄−၂၀၂၅ ပညာသင်နှစ် မိုးရာသီ ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်

မိုင်းပျဉ်း  စက်တင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အ.ထ.ကကျောင်း၏  ၂၀၂၄−၂၀၂၅ ပညာသင်နှစ် မိုးရာသီဘောလုံး အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ U-18 မှ ဘုရင့်နောင်အသင်းနှင့် ဗန္ဓုလအသင်းတို့က ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲကိုဆက်လက်ကျင်းပရာ အားကစားသမားများ ကွင်းအတွင်းနေရာယူကြပါသည်။ ထို့နောက် အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က ကျေးဇူးတင်စကားပြောကြားပြီး  မိုးရာသီဘောလုံးအားကစားပြိုင်ပွဲကို ဖြစ်မြောက်အောင်ကူညီပေး‌ကြသော ဒိုင်လူကြီးများနှင့် ကြက်ခြေနီတပ်ဖွဲ့တို့အား အမှတ်တရမေတ္တာလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ U-18 တွင် ပထမဆုရရှိသော ဘုရင့်နောင်အသင်းနှင့် ဒုတိယဆုရရှိသော ဗန္ဓုလအသင်းတို့အားလည်းကောင်း၊ U-13 တွင် ပထမဆုရရှိသော အလောင်းဘုရားအသင်းနှင့် ဒုတိယဆုရရှိသော  ဗန္ဓုလအသင်းတို့အားလည်းကောင်း၊ နှစ်သိမ့်ဆုရရှိကြသော ဘောလုံးအသင်းများအားလုံးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း  သိရှိရသည်။

အဆိုပါ အ.ထ.က−မိုင်းပျဉ်း၏ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ အထကကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ အားကစားသမားများ စုံလင်စွာတက်ရောက်ကြကြောင်း ပညာရေးဌာနမှ သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)