မောက်မယ် စက်တင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့မလာရောက်နိုင်သော ကျောင်းသား/ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပန်းဘဲ စာအုပ်စာစောင်များ အဆင်ပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြှင့်မားလာစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီက မိုင်းပုတ်ကျေးရွာအုပ်စု၊ အ.မ.က(ခိုဆိုင်း)သို့ တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များယူဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက “တိုးတက်လာသည့်ခေတ်စနစ်နှင့်အညီ လူငယ်များအနေဖြင့် ဘဝတိုးတက်ရေးလမ်းကြောင်းမမှား စေရန် လိုအပ်သောကြောင့် စာပေလေ့လာမှုအားကောင်းလာစေရေး၊ ဆုံးဖြတ်ချက်ချရာတွင် မှန်ကန်စွာဆောင်ရွက်နိုင်ရန် စာပေမှတဆင့်လေ့လာနိုင်ရေး၊ မိမိတို့ကိုယ်တိုင်ရည်မှန်းချက်များကို အောင်မြင်စွာအကောင်အထည် ဖော်နိုင်စေရန်အတွက် အားလပ်ချိန်များကိုအကျိုးရှိစွာအသုံးချပြီး ယဉ်ကျေးလိမ္မာသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်သော လူတော်လူကောင်းများဖြစ်ပေါ်လာစေရေး” စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုတတ်ရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကိုပါ လေ့လာဖတ်ရှုကြရန် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များအားဖတ်ရှုစေခဲ့ပြီး စာဖတ်ထူးချွန်သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဓာတ်ပုံ၊ နံရံကပ်စာစောင်အား ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင်တို့က လှည့်လည်ရှင်းလင်းပြသပြီး ကျောင်းသား/ ကျောင်းသူများ ကစိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)