ကျောက်ပန်းတောင်း စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသော်လည်း၊ ယခုနှစ်ကျင်းပမည့် (၇၂) ကြိမ်မြောက် ဘိုးတော်ထွက်ပွဲတွင်၊ ပွဲမိန့်တောင်းခံခြင်း၊ ခွင့်ပြုချက် ရယူထားခြင်းမရှိသဖြင့် အတီးအမှုတ်၊ ပွဲလန်းသဘင်များနှင့် နတ်ကနားပွဲများ ထည့်သွင်းကျင်းပခြင်းမပြုပဲ၊ အဓိဌာန်ပွဲပေးခြင်းနှင့် ဘုရားဖူး လာရောက်ခြင်းများကိုသာ စည်းကမ်းချက်များနှင့်အညီ စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာပြည် အလယ်ပိုင်း၊ မိုးနည်းရပ်ဝန်း ဒေသ၏ အိုအေစစ်ဖြစ်သည့်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့်၊ ဘိုးတော်အောင်မင်းခေါင် ပြည်တော်ဝင် ထွက်ပွဲ/အောင်ပွဲကို၊ နှစ်စဉ်နှစ်တိုင်းတော်သလင်းလပြည့်နေ့မှ တော်သလင်းလပြည့်ကျော် (၂)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး၊ မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ ယုံကြည်ကိုးကွယ်ကြသူများက အဓိဌာန်ပြု အုန်း/ငှက်ပျောပွဲတင်ခြင်း၊ ဘိုးမင်းခေါင်အား ဦးထိပ်ထား၍ စတုဒီသာ ကျွေးမွေးခြင်း၊ အလှူအတန်းများ ပြုလုပ်ခြင်းနှင့် အဓိဌာန်ဝင် ပုတီးစိပ်ခြင်းများကို တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း ဆောင်ရွက်ကြလေ့ရှိပြီး၊ အချို့အဖွဲ့များက ရှမ်းအိုးစည်များ တီးခတ်လှည့်လည်၍ ပူဇော်ဖျော်ဖြေခြင်းများ ပြုလုပ်ကြကြောင်းနှင့် နတ်နန်းများနှင့် အချို့ ဘုန်းတော်ကြီး ကျောင်း ရိပ်သာများတွင် အတီးအမှုတ် အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ နတ်ကနားပွဲ ပေးခြင်း များ ဆောင်ရွက်ကြကြောင်း သိရသည်။ သို့ရာတွင် ယခုနှစ် (၇၂)ကြိမ်မြောက် ဘိုးတော်ထွက်ပွဲတွင် အဆိုပါ ပွဲလန်းသဘင်များအတွက် ပွဲမိန့်တောင်းခံခြင်း၊ ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူခြင်းများ မရှိသဖြင့် အတီးအမှုတ် အကအခုန်များ၊ နတ်ကနားပေးခြင်းများနှင့် ရှမ်းအိုးစည်အဖွဲ့များကို ခွင့်ပြုပေးသွားမည် မဟုတ်ပဲ၊ နှစ်စဉ်ဆောင်ရွက်နေကျ အဓိဌာန်ပြု ပွဲတင်ခြင်းနှင့် အဓိဌာန်ဝင် ပုတီးစိပ်ခြင်း၊ ဘုရားဖူးလာရောက်ခြင်းများကိုသာ တောင်ကလပ်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းနှင့် ဘုရားဖူးပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားရှိကြောင်း ဘဏ္ဍာထိန်းဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)