ဟိုပုံးမြို့နယ်၌ အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်း (မွမ်းမံ) မော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ဟိုပုံး စက်တင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း “လူငယ်များ အလုပ်အကိုင်အခွင့် အလမ်းဖန်တီးပေးရေးစီမံကိန်း” (မွမ်းမံ) မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်း နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားစက်မှုလက်မှုလုပ်ငန်းများထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေမည်ဆိုတဲ့ ဌာနရဲ့ မျှော်မှန်းချက်နှင့်အညီ အသက်မွေးဝမ်းကျောင်းနည်းပညာများ သင်ကြားပေးခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများကို စနစ်တကျမှတ်ပုံတင်ပေးခြင်း၊ ရိုးရာရက်ကန်းနှင့် ယွန်းထည်လုပ်ငန်းအတတ်ပညာ ဒီပလိုမာအဆင့်သင်ကြားပေးခြင်း၊ မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခြင်း၊ အသေးစားစက်မှုထုတ်ကုန်များ၊ အရည်အသွေး မှန်ကန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန်နှင့် ဓါတ်ခွဲစမ်းသပ်ပေးခြင်းစတဲ့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေနဲ့ နည်းပညာသင်တန်းများဖြစ်တဲ့ လူသုံးကုန်ထုတ်လုပ် မှုနည်းပညာသင်တန်း၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညသင်တန်း၊ အခြေခံအိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းနည်းပညာ သင်တန်း၊ စက်ချုပ်နည်းပညာသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းမှာ သာမန် လျာထားသင်တန်းများအပြင် လုပ်ငန်းရှင်များ ဖြစ်သည်အထိ မွေးထုတ်ပေးမည့် အသေးစားကုန်ထုတ်လုပ်များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်း (၇)မျိုးအနက် လူငယ်များအလုပ်အကိုင်အခွင့်အလမ်းစီမံကိန်း၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခုစီမံကိန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ပေးရေးစီမံကိန်းနဲ့ အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး စီမံကိန်းစတဲ့ စီမံကိန်းအမျိုးအစား(၄)မျိုးကို ကျေးရွာ(၁)ရွာလျှင် စီမံကိန်း(၁)ခုစီဖြင့် ကျေးရွာ (၆)ရွာမှာ အကောင် အထည်ဖော်ဆောင်ရွက်မှာဖြစ်ကြောင်း၊ ဝင်ငွေတိုးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် ရာမှာ ဒေသလိုအပ်ချက်နဲ့ ကိုက်ညီမှုရှိပြီး ဒေသခံပြည်သူများတောင်းဆိုတဲ့ နည်းပညာပေးသင်တန်း တွေကို အခြေခံသင်တန်း(၁)ကြိမ်၊ မွမ်းမံသင်တန်း(၁)ကြိမ် ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံးတာနဲ့သင်တန်းမှ ထူးချွန်သင်တန်းသား (၅)ဦးကို သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ဖို့လိုအပ်တဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းတွေကို ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ဒါကြောင့် စီမံကိန်းလုပ်ငန်း(၁)ခုလျှင် လုပ်ငန်းရှင်(၅)ဦးနှုန်းနဲ့ စီမံကိန်းလုပ်ငန်း(၆)ခုမှာ လုပ်ငန်းရှင်(၅)ဦးနှုန်းနဲ့စီမံကိန်းလုပ်ငန်း(၆)ခုမှာ လုပ်ငန်းရှင်(၃၀)ဦး ပေါ်ထွက်လာမှာဖြစ်ပါကြောင်း၊ မိမိတို့ ကျေးရွာ၊ ရပ်ကွက်၊ ဒေသအတွင်းမှာ တစ်နိုင်တစ်ပိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းငယ်များ ပေါ်ထွက်လာပြီး ထိုလုပ်ငန်းများမှသည် အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများအထိ တက်လှမ်းနိုင်အောင် ကြိုးစားကြရန်၊ သို့မှသာ တိုင်းပြည် ဝင်ငွေတိုးတက်ရရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေမှာဖြစ်ကြောင်း၊ သင်တန်းသားများအနေနဲ့ မိမိတို့ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ (အခြေခံ) မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းကို ဩဂုတ်(၁)ရက်နေ့မှ စက်တင်ဘာလ(၃၀)ရက်နေ့အထိ စာတွေ့လက်တွေ့ဖွင့်လှစ် သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုအခါ (မွမ်းမံ) မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းကို စက်တင်ဘာလ(၇) ရက်နေ့မှ စက်တင်ဘာလ(၂၁)ရက်နေ့အထိ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)