ပေါင်မြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း၏သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ(ယိုမျိုးစုံ)သင်တန်းဖွင့်လှစ်

ပေါင် စက်တင်ဘာ ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သထုံခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍  “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း”တွင် ပါဝင်သည့် လူငယ်များ အလုပ် အကိုင် အခွင့်အလမ်းဖန်တီးပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၏ သီးနှံအခြေခံတန်ဖိုးမြှင့်  စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ (ယိုမျိုးစုံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နတ်ကြီးချောင်ကျေးရွာ၊အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးရဲနိုင်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသော အသိပညာအတတ်ပညာများအား လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရေး ကြိုးစားကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်အိကလျာနိုင်က စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်မှ သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများကို သင်တန်းသူများအားထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသူ(၁၀)ဦးကစက်တင်ဘာလ(၆)ရက်နေ့မှ စက်တင်ဘာလ (၁၂) ရက်နေ့အထိ (၇)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ၎င်းသင်တန်းပြီးသည်နှင့် သီးနှံအခြေခံဖျော်ရည် မျိုးစုံထုတ်လုပ်မှုနည်းပညာသင်တန်းကို (၇)ရက်ကြာ ထပ်မံသင်ကြားပေးသွားမည်ဖြစ်သည်။ ၎င်းသင်တန်းပြီးဆုံးပါကသင်တန်းတွင် ထူးချွန်ပြီးလုပ်ငန်းထူထောင်မည့်သူ(၅)ဦး ရွေးချယ်၍ ဌာနမှဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)