မိုင်းယုမြို့၌ ဝါတွင်းကာလ ဒါန ဆွမ်း၊ ဆန်၊ ဆီများ ဆက်ကပ်လှူဒါန်း

မိုင်းယု စက်တင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မြို့မိမြို့ဖများနှင့် အလှူရှင်များ ပါဝင်ဆောင်ရွက်သော (တတိယ)အကြိမ်မြောက် ဝါတွင်းကာလ ဒါနဆွမ်း၊ ဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ညနေပိုင်းက မြို့မရပ်ကွက် ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်း၌ ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က တက်ရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းမှ ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြ၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့က ဆရာတော်ကြီးများအား ဆွမ်း၊ ဆန်နှင့် ဆီများကို ဆက်လက်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ သာဓုအနုမောဒနာခေါ်ဆို အမျှပေးဝေခဲ့ကြသည်။

အဆိုပါအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းခမ်းလူး၊ မိုင်းယောင်းမြို့မှ မြို့မိမြို့ဖများ၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ပြီး ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းယု(ပြန်/ဆက်)