ဥတ္တရသီရိ စက်တင်ဘာ ၇
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယု၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများနှင့် ကျေးရွာစာကြည်တိုက် အသစ်ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် မိုးစွေကျေးရွာအုပ်စု၊ မိုးစွေကျေးရွာ၊ တောင်သူဦးဝင်းလှိုင်၏ မိုးစပါးစိုက်ခင်း ရေကြီးနစ်မြုပ်ခဲ့မှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ပျက်စီးဆုံးရှုံးသွားသည့် မိုးစပါးစိုက်ခင်းများအား ပြန်လည်ကုစားသည့်အနေဖြင့် သက်တမ်းနုမျိုးများ၊ သင့်တော်သည့်မြေ အမျိုးအစားအလိုက် ပြန်လည်ကုစား စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ ဆီထွက်သီးနှံများကိုတိုးချဲ့စိုက်ပျိုးဖို့လိုကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် တောင်သူ ဦးသိန်းဇော်လင်း၏ မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်နေမှုကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာကို အချိန်ကိုက်အချိုးကျ အသုံးပြုစေလိုကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် တောင်ညိုကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ သာသနာ့ဝေပုလ္လကျောင်းဝန်းအတွင်း ကျေးရွာစာကြည့်တိုက် အသစ်ဆောက်လုပ်နေမှုကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အဆောက်အဦဆောက်လုပ်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခန့်စေရေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ရေရှည်စီမံချက်များချမှတ်ပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကိုမှာကြားခဲ့ပြီး သာသနာ့ဝေပုလ္လကျောင်းတိုက်ဆရာတော် အရှင်ဇေယျာနန္ဒအား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)