သင်္ဃန်းကျွန်း စက်တင်ဘာ ၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး၊ Community Centre ခန်းမ၌ ဆေးလိပ်နှင့်ကွမ်းယာရှောင် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က လူငယ်များအနေဖြင့် ကွမ်းယာနှင့် ဆေးလိပ်သောက်သုံးခြင်းသည် သုံးစွဲသူများအတွက် ဆိုးကျိုးအန္တရာယ်ဖြစ်စေနိုင်သည့်အတွက် သုံးစွဲရန်မသင့်ကြောင်းနှင့် ကွမ်းယာစားသုံးခြင်းသည် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာပြွန်ကင်ဆာများ ဖြစ်စေနိုင်ပြီး နှလုံးရောဂါကိုပို၍ ဆိုးရွားစေနိုင်ကြောင်း၊ သွားဖုံးကိုပျက်စီးစေ၍ သွားအခြေမခိုင်ခြင်း၊ သွားများကိုလည်းကျွတ်စေခြင်းများ ဖြစ်တတ်ကြောင်း ပြောကြားသည်။
ဆေးလိပ်ကို စောစီးစွာသောက်ပါက ကုတ်ကင်း၊ ဟီရိုကင်း စသော မူးယစ်ဆေးဝါး သုံးစွဲမှုအလားအလာ ပိုမိုများလာနိုင်ကြောင်း၊ အလွန်အမင် ဆေးလိပ်သောက်သုံးခြင်းသည် မူးယစ်ဆေးဝါးဘက်သို့ ဦးတည်နိုင်သောကြောင့် စောစီးကတည်းက ဆေးလိပ်နှင့် ကွမ်းယာကို ရှောင်ရှားရမည်ဖြစ်ကြောင်း အကျယ်တဝင့် ဆက်လက်ဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် Community Centre ခန်းမတွင် ခင်းကျင်းပြသထားသည့် “နောင်တမရ အောင်ကွမ်းယာကိုရှောင်၊ တစ်ဆင့်ခံဆေးလိပ်ငွေ့သည်လူသတ်ပါသည်”၊ “ဆေးလိပ်သောက်ခြင်းကွမ်းစားခြင်း၏ သတိပေးနှိုးဆော်ချက်” စသည့် နံရံကပ်စာစောင်များနှင့် သုတ၊ရသစာအုပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ဖတ်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သိန်းအောင် (ပြန်/ဆက်)