နမ့်စန်(တ) စက်တင်ဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တောင်သူပညာပေးကွင်းပြပွဲနှင့် နေကြာမျိုးစေ့၊ ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီက အမှတ်(၅) ကျေးရွာအုပ်စု၊ အမှတ်(၁၀)ကျေးရွာအနီးရှိ နမ့်စန်စိုက်ကွင်းအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့်စိုက်ခင်းရှေ့တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင်တောင်သူများအား မြို့နယ်အတွင်းဆီဖူလုံမှုရရှိစေရန်အတွက် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးခြင်းလုပ်ငန်းများမှ နေကြာသီးနှံအား ပိုမိုတိုးချဲ့စိုက်ပျိုးကြရန်နှင့် သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းထက် သီးထပ်၊ သီးညှပ် စိုက်ပျိုးမှသာ သီးနှံစိုက်စွမ်းအား တိုးတက်လာပြီး တောင်သူများအနေဖြင့် ဝင်ငွေများ ပိုမိုတိုးတက်ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်း၊ မျိုးစေ့ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသီဟထွန်းနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဝမ်ပုံ၊ လွိုင်ယဲ၊ အမှတ်(၅)နှင့် မက်မွန်မုန်းကျေးရွာအုပ်စုတို့မှ တောင်သူ(၆၀)ဦးအား နေကြာမျိုးစေ့စုစုပေါင်း(၆၀)ဧကစာနှင့် ယူရီးယားဓာတ်မြေဩဇာ (၆၀)အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးထားသော စိုက်ခင်းများအား ကွင်းသရုပ်ပြခြင်းကိုဆက်လက် ဆောင်ရွက်ခဲ့ရာ တောင်သူများက ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသော စိုက်ခင်းများ၊ ကော်ဖီရာသီသီးနှံဌာနခွဲမှ စိုက်ပျိုးထားသော စိုက်ခင်းများနှင့် နှစ်ရှည်သီးနှံဌာနခွဲမှ စိုက်ပျိုးထားသော မက္ကဒေးမီးယားစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နမ့်စန်(ပြန်/ဆက်)