ဗိုလ်တထောင်မြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

ဗိုလ်တထောင် စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ အသိ ပညာ၊ အတွေးအခေါ်များပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း သစ္စာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ် ရုံးမှဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်နှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းတို့က ဆောင်ရွက်ခဲ့ပြီး Grade 10(A)ကျောင်းသူ မလင်းလက်ရတီစိုးက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 10(B) ကျောင်းသူ မအိမွန်ကျော်က လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 9(A) ကျောင်းသူ မအိအိဖြိုးက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -10(A) ကျောင်းသားလေး မောင်စွမ်းထက်ဦးက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -9(B) ကျောင်းသား မောင်ကောင်းခန့်ဇော်က လူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း အစရှိသည့်ခေါင်းစဉ်များကို ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာ ကြသည့် ကျောင်းသားလေးများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့သည်။

ထို့နောက် ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသားများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၂) ဦးဝင်းလှိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအောင်မိုးကျော်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အ.ထ.က(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်တို့က၊ အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ပြီး အ.ထ.က(၃) ကျောင်းအုပ် ဆရာကြီး ဒေါ်ဌေးဌေးဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသား စုစုပေါင်း(၂၅၆)ဦးခန့် တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောမူးယစ်ဆေးအန္တရာယ်အသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆေးရွက်ကြီးဆေးလိပ်အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ခင်ဝင်း(ပြန်/ဆက်)