မန္တလေး စက်တင်ဘာ ၇
နှစ်(၆၀)ပြည့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသာအားဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကစုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက မန္တလေးပြည်သူ့ဆေးရုံကြီး မန်းတောင်ရိပ် ကိုးထပ်ဆောင်တွင် ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ စုပေါင်း သွေးလှူဒါန်းပွဲတွင် အရာရှိ/အခြားအဆင့် ရဲတပ်ဖွဲ့ဝင် (၁၁၃)ဦးက သွေးဖောက်လှူဒါန်းကြရာ ဆေးရုံအုပ်ကြီး၊ ဒေါက်တာဆန်းလွင်ဦး၊ ခရိုင်ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ် ဒေါက်တာလှဌေးမင်း၊ သွေးလှူဘဏ် တာဝန်ခံဆရာဝန်ကြီး၊ ရောဂါဗေဒဌာန၊ ပါမောက္ခ၊ ဌာနမှူး၊ ဒေါက်တာ နီလာဝင်း၊ သွေးလှူဘဏ်မှ ဒေါက်တာစုလှိုင်ဦးနှင့် ဆရာဝန်များ၊ သူနာပြုများက သွေးထုတ်ယူခြင်းများဆောင်ရွက်ပေးကြသည်။
သွေးလှူဒါန်းပွဲသို့ မန္တလေးတိုင်ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြသည်။ ထို့နောက် သွေးအိတ်(၁၁၃)အိတ်ကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)