စစ်တွေ စက်တင်ဘာ ၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်များအား ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော် ပရဝဏ်အတွင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများက စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊ ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော် လှိုဏ်ဂူအတွင်းနှင့် ရင်ပြင်တော်တို့၌ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက သန့်ရှင်း သာယာရေးအတွက်စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများက ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ခြင်းနှင့် စေတီတော်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အတွက် စုပေါင်းသန့် ရှင်းရေးဆောင်ရွက်ကြသည်။
ထို့သို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြစဉ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကလည်း စွန့်ပစ်အမှိုက်များကို သိမ်းဆည်းပြီး အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)