မြစ်ကြီးနား စက်တင်ဘာ ၆
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အခြေခံပညာဦးစီးဌာနက ဦးဆောင်ကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက် ညနေ ၃ နာရီကက ပြည်နယ်ပြည်သူ့ အားကစား ကွင်းအတွင်းရှိ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများတက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်း ပါဝင်သည့် အမျိုးသားဘောလုံးအသင်း (၂၆) သင်း၊ အမျိုးသမီးဘောလုံးအသင်း (၁၀) သင်းနှင့်ဘင်ခရာအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလိုအခြေခံပညာကျောင်းသား ဘောလုံးပြိုင်ပွဲ ကျင်းပပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ၏ အားကစားဖွံ့ဖြိုးမှု အခွင့်အလမ်းများရရှိခြင်း၊ ကျောင်းအဆင့်လက်ရွေးစင်မှသည်မြို့နယ်၊ ပြည်နယ်၊ နိုင်ငံ့လက်ရွေးစင်အားကစားသမားအဖြစ် ရွေးချယ်ခံရပြီး မိမိတို့ ကျွမ်းကျင်မှုအရည်အသွေးကို ပြသခွင့်ရရှိမည်ဖြစ်သကဲ့သို့ အားကစားထူးချွန် သူများအဖြစ် အသိအမှတ်ပြုခံရပြီး မိမိတို့ဘဝအတွက် ယုံကြည်မှုရှိရှိနှင့် ဆက်လက်လျှောက်လှမ်း သွားနိုင်မည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း ကျန်အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ထို့နောက် ဘောလုံးအသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး မြစ်ကြီးနားမြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းတို့မှ ဘင်ခရာအဖွဲ့များက ဘင်ခရာအတီးအမှုတ်စွမ်းရည်ဖြင့် သရုပ်ပြမှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြဘင်ခရာအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက အားကစားပြိုင်ပွဲအတွက် အားကစားအထောက်အကူပြုပစ္စည်းများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာ ကျောင်းအသီးသီး ကျောင်းသား/ ကျောင်းသူများက အဖွင့်ပွဲစဉ်အဖြစ် အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းနှင့် မြတ်ပါရမီကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ အမျိုးသားဘောလုံးအသင်း တို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ပြည်နယ် (ပြန်/ဆက်)