သာစည်မြို့နယ်၌ တောင်သူများပါဝင်သော ဝါသီးနှံမျိုးကောင်းမျိုးသန့် ရွေးချယ်အသုံးပြုရေးဆိုင်ရာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ပြသရှင်းလင်း

သာစည် စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သော ဝါသီးနှံ ရွေးချယ်စိုက်ပျိုးနိုင်ရန် တောင်သူများပါဝင်သော ဝါသီးနှံမျိုးကောင်းမျိုးသန့် ရွေးချယ်အသုံးပြုရေးဆိုင်ရာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ပြသရှင်းလင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက သဲပုတ်ကုန်းကျေးရွာ တောင်သူဦးဝင်းဌေး၏ မကျီးကန် ကွင်းအမှတ်(၁၈၀၀)ဦးပိုင်အမှတ် ၈၃ ရှိ စမ်းသပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ပြသရှင်းလင်းပွဲ၌ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားရာတွင် တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်ဝါသီးနှံများ ရွေးချယ်စိုက်ပျိုးရန်နှင့် စနစ်တကျစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအား သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး ဆောင်ရွက်ကြရန် ပြောကြားသည်။ ဆက်လက်၍ မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်ဆောင်ရွက်ရခြင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်တွင် ဝါမျိုး ၁၁ မျိုး စိုက်ပျိုးထားကြောင်း သိရသည်။

အဆိုပါ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ပြသရှင်းလင်းပွဲသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဌေးဌေးနှင့် ဝန်ထမ်းများ၊ အောင်သာ၊ မကျီးကန်နှင့် ယင်းမရိုးကျေးရွာအုပ်စုတို့မှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)