ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ Book Club စာဖတ်ဝိုင်း ပြုလုပ်

ဆိပ်ကြီးခနောင်တို  စက်တင်ဘာ ၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌  စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍  Book Club စာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဇင်ဦးက စာဖတ်ဝိုင်းပြုလုပ်ရာတွင် ဖတ်ရှုဆွေးနွေးမည့်စာအုပ်အကြောင်း အနည်းငယ်ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာ  ခင်စောတင့်၏ “စိတ်၏အေးငြိမ်းရာ” စာအုပ်ထဲမှ “စကားလုံးများ၏စွမ်းအား” ခေါင်းစဉ်ပါစာအကြောင်းအရာဖြင့် ဦးစီးအရာရှိဒေါ်သဇင်ဦးမှက ဦးဆောင်ဆွေးနွေးပြီး အဆိုပါစာအုပ်ထဲမှ “စိတ်၏အေးငြိမ်းရာ” ခေါင်းစဥ်ပါ စာအကြောင်းအရာကို Book Club အဖွဲ့ဝင် မဖူးမြတ်သွယ်က လည်းကောင်း၊ “ထိုက်တန်သောရလဒ်” ခေါင်းစဥ်ပါ စာအကြောင်းအရာများကို Book Club အဖွဲ့ဝင် မနဒီဝင့်ဝါကလည်းကောင်း အသီးသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာရေးဆရာခင်စောတင့်၏ “စိတ်၏ငြိမ်းအေးရာ” စာအုပ်ထဲမှ ဖော်ပြပါခေါင်းစဥ်တို့ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာဖတ်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦးစကားပြောဆိုရာတွင် ယဥ်ကျေးချိုသာစွာပြောဆိုရန်လိုကြောင်း၊ ရုပ်ဝတ္တုတွေတိုးတက်အောင် ရုန်းကန်လှုပ်ရှားနေတဲ့ ဒီခေတ်တွင် စိတ်ပိုင်းဆိုင်ရာ တိုးတက်အောင်နေတတ်ပြီး စိတ်နေသဘောထားလည်း မှန်ကန်စွာထားတတ်ရန် လိုကြောင်း၊ ကိုယ့်အတွက် အကူအညီလိုသည့်အခါ တစ်ဦးတစ်ယောက်မှ ကူညီပေးတာ၊ ကာကွယ်ပေးတာ၊ အတတ်ပညာသင်ပေးတာ၊ ဆုံမသြဝါဒပေးတာ၊ ပစ္စည်းဥစ္စာတွေပေးကမ်း ထောက်ပံ့တာ စတဲ့နည်းတွေနဲ့ကူညီပေးတာ၊ အကျိုး ဆောင်ပေးတာတွေကို သူ့ကျေးဇူးလို့ခေါ်ပြီး၊ ကိုယ့်ဘက်က ကျေးဇူးတုံ့ပြန် ပေးရန်လိုကြောင်းစသည်ဖြင့် စာပေထဲမှ ဗဟုသုတများစွာရရှိကြောင်း စာဖတ်သူများအနေဖြင့်  သုံးသပ်သိရှိရပါသည်။

ဝေယံ(IPRD)