ပြင်ဦးလွင် စက်တင်ဘာ ၆
လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆေးတလုံး အ.ထ.က(ခွဲ)တွင် ကျင်းပရာ ရှေးဦးစွာ ဆေးတလုံးအုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်အဆင့် ဒုတိယဥက္ကဌ ဒေါ်အေဇင်မေက ဗမာစာပေနှင့်ယဉ်ကျေးမှု အသင်းအား မိတ်ဆက်ပေးခဲ့ကြောင်း သိရှိရသည်။ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက “အနာဂတ်ကို ပိုင်စိုးမည့်သူများ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောချက်များနှင့်ပတ်သတ်၍ ကျောင်းသား/ ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းနာယက ဦးလင်းဇော်မင်းက ဟောပြောပွဲဆောင်ရွက်သည့်အပေါ် မုဒိတာစကား ပြောကြားခဲ့ပြီး အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဒေါ်စိုးမိုးမိုးသန်းနှင့် အဖွဲ့၀င်များက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ဆေးတလုံး အ.ထ.က(ခွဲ)မှ ကျောင်းသား/ကျောင်းသူများအား အသိအလိမ္မာရဖွယ် သုတ၊ ရသပုံပြင်များ ဖတ်ကြားပြခြင်း၊ နံရံကပ်စာစောင်များ၊ သုတ၊ ရသစာစောင်များ ခင်းကျင်းပြသပေးသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/သူ (၂၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သွေးသွေး(ပြန်/ဆက်)