ခဝဲသီးများ စျေးကောင်းရရှိ၍ စိုက်ပျိုးသူများမိသားစုဝင်ငွေတိုး

ကျိုက်မရော စက်တင်ဘာ ၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မိုးရာသီ၌ ရာသီပေါ်သီးနှံမျိုးစုံ စိုက်ပျိုးကြခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများရာ ယခုလို မိုးရာသီ၌ စားဖိုချောင်သီးနှံဖြစ်သည့် ခဝဲသီးများ စျေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးသူများအနေဖြင့် မိသားစုဝင်ငွေတိုးကာ အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။

ထိုသို့ ခဝဲသီးများ စနစ်တကျစိုက်ပျိူးကြရာ၌ ခဝဲသီးမျိူးစေ့များကို အစေ့ချစိုက်ပျိူးကြပြီး ဇူလိုင်လမိုးများသော ရက်တွေမှာ စတင်စိုက်ပျိုးကြပြီး စိုက်ပြီးရက် ၅၀ အတွင်း ဖွံ့ထွားသော ခဝဲသီးအတောင့်များရစေရန်အတွက် သဘာဝမြေသြဇာများဖြစ်ကြသော နွားချေး ၊ ကြက်ချေး၊ တီစူပါစသည့် ​ မြေသြဇာများကို အပွင့်လှိုင်လှိုင်ပွင့်ချိန်၌ ကျွေးပေးရကြောင်း အသီးများပိုးမကျစေရန် ပိုးသတ်ဆေးဖြန်းပေးရပြီး ပျားပိုးကောင်လေးများရန်မှကာကွယ်ရန် ပျားဆေးလည်းဖြန်းပေးရကြောင်း ခဝဲသီးစီးပွားဖြစ်စိုက်ပျိုးသူဦးစောအုန်းကပြောပါသည်။

ခဝဲသီးတစ်ဧကလျှင် အပင် ၈၀၀၀ ခန့် စိုက်ပျိုးနိုင်ကြောင်း ခဝဲသီးကို တစ်ပတ်လျှင် တစ်ကြိမ်ခန့်ခူးဆွတ်နိုင်ပြီး ယခုချိန်၌ ခဝဲသီးအတောင့် တစ်တောင်လျှင် ၇၀၀ ကျပ်ထိ ဖောက်သည်ပေးရပြီး တစ်ကြိမ်ခူးလျှင် အတောင့်တစ်ရာခန့်ခူးနိုင်သဖြင့် တစ်ပတ်ဝင်ငွေ ခုနှစ်သောင်းကျပ်ထိ ရရှိရာ စီးပွားဖြစ်စိုက်ပျိုးသူ တောင်သူများအနေဖြင့် မိသားစုဝင်ငွေတိုးကာ စီးပွားရေးအဆင်ပြေကြကြောင်း ခဝဲခြံပိုင်ရှင်ဦးစောအုန်းထံမှ သိရသည်။

ခဝဲသီးသည် မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်ကာ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရဖွံ့ဖြိုးစေသဖြင့် လူတိုင်းကြိုက်နှစ်သက်သည့် သီးနှံဖြစ်ကာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးစားကြသူများလည်းရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)