မိတ္ထီလာမြို့၌ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြော

မိတ္ထီလာ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်သော ၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က အ.ထ.က(၂) ရတနာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် ဦးစွာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက  အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ ဖြစ်ပေါ်လာပုံအကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးအောင်သန်းနိုင် ယခုနှစ်အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ ဆောင်ပုဒ်ဖြစ်သော “သန့်ရှင်းသောလေရရှိဖို့ ရင်းနှီးမြှုပ်နှံမှုစတင်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသူ၊ ကျောင်းသားများအား အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့နှင့်ပတ်သက်သော အထွေထွေဗဟုသုတများကို ဉာဏ်စမ်းမေးမြန်းပြီး ဖြေဆိုနိုင်သူများအား ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ