ကျိုင်းတုံ စက်တင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကျေးရွာအုပ်စုများအတွင်း နိုင်ငံတော်မတည်ငွေများဖြင့် ဆောက်လုပ်လျက်ရှိသော ကျေးရွာစာကြည့်တိုက်များ စံချိန်စံညွှန်းပြည့်မီ၍ သတ်မှတ်ကာလအတွင်း အချိန်မီဆောက်လုပ်ပြီးစီးနိုင်ရေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က မိုင်းလပ်အုပ်စု၊ ဝမ်မိုင်ကျေးရွာနှင့် မိုင်းဇင်းအုပ်စု ကတ်ဇင်းကျေးရွာသို့ သွားရောက်၍ နိုင်ငံတော်မတည်ငွေကျပ် သိန်း (၁၅၀)ဖြင့် စာကြည့်တိုက်ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီ၍ သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ဆောက်လုပ်ပြီးစီးနိုင်ရေး မှာကြားခဲ့ကြောင်းပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မိုင်းဇင်းအုပ်စု ပင်းဆိုင်း “ဝ” ရွာ၌ ယခင် နိုင်ငံတော်မတည်ငွေဖြင့်ဆောက်လုပ်ခဲ့သော “သုတပညာ”စာကြည့်တိုက်အား စံ(၅)ရပ်နှင့်ကိုက်ညီမှုရှိစေရေး၊ ရေရှည်ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်၊ ပြန်/ဆက်)