ကလော စက်တင်ဘာ ၆
ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လွယ်အံကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခဲ့သည်။
ရှေးဦးစွာ အင်းပြင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းအားလပ်ရက်အချိန်မှာ စာအုပ်၊ စာပေ များများဖတ်ရှုလေ့လာကြရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအကြောင်း၊ ဗလငါးတန်အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)