ကျောက်ဆည်မြို့နယ် ငါးအိုးကျေးရွာတွင် (နဝမ)အကြိမ်မြောက် မြစိမ်းရောင် ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ချေးပေး

ကျောက်ဆည် စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မြို့ပြနှင့်ကျေးလက်ကွာဟမှု လျော့နည်းလာစေရေးနှင့် ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျေးရွာများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းအဖြစ် အရင်းအပျောက် မတည်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့မွန်လွဲပိုင်းက ငါးအိုကျေးရွာတွင် (နဝမ)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စီမံကိန်းငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးက ကျေးရွာပြည်သူများ မြစိမ်းရောင်ကျေးရွာစီမံကိန်းအကြောင်း နားလည်သဘောပေါက်ပြီး လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် စည်းစနစ်ကျကျ ဆောင်ရွက်သည့်အတွက် လုပ်ငန်းများ အောင်မြင်ပြီး စီမံကိန်းအတိုးရငွေများဖြင့် မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် နောက်ထပ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး စီမံကိန်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြစိမ်းရောင်စီမံကိန်းငွေများအား တာဝန်ရှိသူများနှင့်အတူ ငါးအိုးကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ (၅၄) ဦးအတွက် ငွေကျပ်(၁၁၁)သိန်း၊ သုံးသောင်းကျပ်၊ မွေးမြူရေးလုပ်ကိုင်သူ (၆၁) ဦးအတွက် ငွေကျပ် (၁၁၆) သိန်း၊ (၇) သောင်းကျပ်၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁၂၅) ဦးအတွက် ငွေကျပ် (၁၈၉) သိန်း (၄) သောင်းကျပ်၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ (၄) ဦးအတွက် ငွေကျပ် (၈) သိန်း (၈)သောင်းကျပ်တို့အား အသီးသီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာမြစိမ်ရောင်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့်အပြင် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည့် (VDP) စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးခြင်း၊ သန့်ရှင်းသောသောက်သုံးရေရရှိရေးလုပ်ငန်းများလည်း အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

သက်မောင်(ကျောက်ဆည်)