ပင်လုံမြို့၌ ဆီထွက်ပဲပုပ်စိုက်ပျိုးရေးကွင်းသရုပ်ပြပွဲ ကျင်းပ

ပင်လုံ  စက်တင်ဘာ ၆

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိူရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ‌ဒေါက်တာရဲတင်ထွန်းသည် မျိုးစေ့ညွန်ကြားရေးမှူး ဦးသီဟထွန်း၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ပင်လုံမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး စိုက်ကွင်းတွင် ဆီထွက်ပဲပုပ်စိုက်ပျိုးရေးကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ပဲပုပ်စိုက်တောင်သူများနှင့်တွေ့ဆုံ၍ မေးမြန်းဆွေးနွေးပြီး အခက်အခဲများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ရှမ်းပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် ပဲပုပ်၊ နေကြာ၊ မြေပဲတို့ကို  စိုက်ပျိုးပြီး ပြည်နယ်အတွက် တစ်ဖက်တစ်လမ်း အထောက်အကူပြုစေရန်ရည်ရွယ်၍ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိူရန်လိုကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးကြရန်နှင့် ပဲပုပ်ကို တိုးချဲ့စိုက်ပျိုးနေခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် ဆီထွက်ပဲပုပ်ကို မူလက ဧက ၃၆၀၀ စိုက်ပျိုးကြောင်း၊ ယခုအချိန်တွင် ပဲပုပ်စိုက်ဧက ၃၉၀၀ အထိ တိုးချဲ့စိုက်ပျိုးထားကြောင်း၊ တစ်နည်းအားဖြင့် တိရိစ္ဆာန်အစာ ပဲပုပ်မှုန့်ကို ပြည်ပမှ ဝယ်ယူတင်သွင်းမှုလျှော့ချနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ညွန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များသည် ပင်လုံစိုက်ပျိုးရေးရုံးအတွင်း စိုက်ပျိုးထားသည့် ပြောင်း၊ မြေပဲနှင့် အခြားသီးနှံများစိုက်ပျိုးအောင်မြင်နေမှုကိုလည်းကောင်း၊ ကော်ဖီပျိုးဉယျာဉ်သို့လည်းကောင်း၊ ရုံးအတွင်းကပ်ထားသည့် တောင်သူပညာပေးပိုစတာများကိုလည်း‌ကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး