မိုးနဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းကျေးရွာများသို့ ရန်ပုံငွေ လွှဲပြောင်းပေးအပ်

မိုးနဲ စက်တင်ဘာ ၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မိုးနဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးခွန်မြင့်‌သောင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအာကာဖြိုးက စီမံကိန်း၏ရည်ရွယ်ချက်များနှင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး စီမံကိန်းလက်စွဲပါ လမ်းညွှန်ချက်များကို ထည့်သွင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် ဆောင်ကျဲနှင့် နားအွန်ကျေးရွာ နှစ်ရွာအတွက် ငွေကျပ် သိန်း ၁၀၀ စီကိုလည်းကောင်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဆောင်ရွက်မည့်‌ ဟဲကေကျေးရွာအတွက် ငွေကျပ် ၂၀၀ ကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဆောင်ရွက်မည့် ဆောင်ကျဲ၊ နားမွန်း၊ နားအွန်၊ နားကဲ့နှင့် ဆွမ်မရမ်းကျေးရွာ ငါးရွာအတွက် တစ်ရွာလျှင် ငွေကျပ် သိန်း ၁၅၀ နှုန်းဖြင့် ငွေကျပ် သိန်း ၇၅၀  တို့ကို ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်း‌ရေးမှူး ရဲမှူးသန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာအလိုက် ရန်ပုံငွေများအသီးသီး လွှဲပြောင်းပေးအပ်ရာ ကျေးရွာစီမံကိန်းကော်မတီဝင်များက လက်ခံရယူကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)