ကျိုင်းတုံ စက်တင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့တွင် အမှတ်(၁၁)တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင်ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဆက်အောင်က သင်တန်းမိန့်ခွန်းပြောကြားပြီး သင်တန်းထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာသည့် ဧည့်သည်တော်များက သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။ အဆိုပါသင်တန်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းသား ၄၂၈ ဦး တက်ရောက်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)