မိုင်းဆတ်မြို့၌ လူငယ်ရေးရာကော်မတီမှ ဖွင့်လှစ်သည့် Physical Fitness Dance (၁/၂၀၂၄) သင်တန်းဆင်းပွဲ ကျင်းပ

မိုင်းဆတ် စက်တင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူငယ်ရေးရာကော်မတီမှဖွင့်လှစ်သည့် Physical Fitness Dance (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉)နာရီက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာကဏ္ဍများကို စနစ်တကျထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်အတွက် ကဏ္ဍ(၁၆)ရပ်ရှိပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက Physical Fitness Dance (၁/၂၀၂၄) သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့ပြီး သင်တန်းသူများက “ထာဝရ သစ္စာ”၊ “ထာဝရ မြန်မာ” တေးသီချင်းဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူး ဦးမျိုးသန့်၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်ထွေးနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)