မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာတွင် ကျေးရွာစာကြည့်တိုက်အဆောက်အအုံသစ်တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

မက်မန်း စက်တင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာတွင် နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်မှမတည်ထောက်ပံ့ငွေ ကျပ်သိန်း (၁၅၀)ဖြင့် မက်မန်းမြို့နယ်၊ အောင်သံလွင်ကျေးရွာတွင် ကျေးရွာစာကြည့်တိုက်အဆောက်အအုံဆောက်လုပ်မည့်မြေနေရာတွင် ယမန်နေ့က ပန္နက်တင်အခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ ပန္နက်တင်အခမ်းအနားအား မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ မက်မန်းမြို့နယ် ရဲမှူးကျော်ထွန်းနိုင်၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး)၊ အောင်သံလွင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျလားနှင့် ကျေးရွာစာကြည့်တိုက်ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးသန်းဝင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အောင်သံလွင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သတ်မှတ်နေရာအသီးသီးတွင် ရတနာပန္နက်စိုက်ထူ၍ အမွှေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လားဟူတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့၊ အောင်သံလွင်ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း အင်အား (၈၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)