နေပြည်တော် စက်တင်ဘာ ၆
နေပြည်တော်ကောင်စီ ချေးငွေကြီးကြပ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ညနေ ၅ နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပရာ နေပြည်တော်ကောင်စီ ချေးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီချေးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံဖြိုးရေးအဆင့် (၂) ဆင့် ချေးငွေ Agriculture and Rural Development (Two Step Loan) စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နေပြည်တော်ကောင်စီ ချေးငွေကြီးကြပ်ရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များအနေဖြင့် နေပြည်တော်အတွင်းရှိ တောင်သူများ၏ လယ်ယာသုံးစက်ကိရိယာရောင်းချသော ကုမ္ပဏီများကို ချေးငွေအစီအစဉ်တွင် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကြီးကြပ်ဆောင်ရွက်ခြင်း၊ ခရိုင်/မြိုနယ်အလိုက် ချေးငွေရယူမည့် တောင်သူများ၏ စာရင်းအသေးစိတ်ကို ဦးဆောင်ကော်မတီသို့ အတည်ပြုပေးပို့ခြင်း၊ မြို့နယ်အလိုက် ချေးငွေများ ထုတ်ချေးရာတွင် ချေးငွေညွှန်ကြားစာပါအတိုင်း စနစ်တကျ အချိန်မီထုတ်ချေးနိုင်ရေး စီစဉ်ကြီးကြပ်ခြင်း၊ မြို့နယ်အလိုက် တောင်သူများမှ ချေးငွေအတိုး၊ အရင်းပေးဆပ်မှုတွေကို အချိန်နှင့်တပြေးညီ ပေးဆပ်နိုင်ရေး ကြီးကြပ်ခြင်းနှင့် တောင်သူလယ်သမားများဝယ်ယူသော စက်ကိရိယာများ ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရေးအတွက် ဆက်စပ်ဆောင်ရွက်ခြင်းတို့ဖြစ်ပါကြောင်း၊ ခရိုင်ဘဏ်ခွဲ၊ လယ်ဝေးနှင့် ပုဗ္ဗသီရိတို့မှ တင်ပြလာသော ချေးငွေအမှုတွဲ (၇)ခုကို သက်ဆိုင်ရာ ခရိုင်ဘဏ်ခွဲများမှ ကွင်းဆင်းစစ်ဆေးပြီး ခရိုင်/မြို့နယ်ချေးငွေ အကြံပေးအဖွဲ့များ၏ ထောက်ခံချက်များဖြင့် တင်ပြလာမှုအပေါ် တိုင်းဒေသကြီးမန်နေဂျာနှင့် အဖွဲ့တို့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ချေးငွေလျှောက်ထားသည့် တောင်သူများ၏ အာမခံပစ္စည်း တင်သွင်းမှု မှန်ကန်မှု ရှိ/မရှိ၊ ပြန်လည်ပေးဆပ်နိုင်မှုများကို စိစစ်၍ ကျေးရွာအုပ်စု/မြို့နယ်/ ခရိုင်ချေးငွေ ကြီးကြပ်ရေးအဖွဲ့ အဆင့်ဆင့်ထောက်ခံချက်များဖြင့် ခိုင်မာပြည့်စုံမှုရှိသည့်အတွက် ရုံးချုပ်သို့ ဆက်လက်တင်ပြနိုင်ရေး နေပြည်တော်ကောင်စီချေးငွေကြီးကြပ်ရေးကော်မတီအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီချေးငွေကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် နေပြည်တော်တိုင်းမန်နေဂျာ ဒေါ်အေးမင်းသင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆိုင်ရာများနှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ နှစ်ဆင့်ချေးငွေဖြင့် စက်ကိရိယာချေးငွေတောင်သူများမှ တင်ပြလာသည့် အမှုတွဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြရာ နေပြည်တော်ကောင်စီ ချေးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)