နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအားတိုးမြှင့်နိုင်ရေးအတွက် မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် စက်တင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအားတိုးမြှင့်နိုင်ရေးအတွက် မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်/ ခရိုင်/ မြို့နယ်အဆင့် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့၊ MSME လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် သီးနှံများအားလုံး အရည်အသွေးနှင့် အထွက်နှုန်းများ ကောင်းမွန်စေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲရန် လိုအပ်ပါကြောင်း၊ တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားတိုးတက်စေရေးနှင့် သီးနှံစိုက်စွမ်းအား အပြည့်အဝစိုက်ပျိုးနိုင်ရေးတို့ကို စီမံဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်၏ ရေ၊ မြေ အခြေအနေနှင့် ကိုက်ညီမည့် သီးနှံပုံစံ Cropping Pattern အရ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် လျာထားချက်ပြည့်မီအောင် စိုက်ပျိုးခြင်း၊ သီးထပ်အပြည့်အဝ စိုက်ပျိုးခြင်းတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သီးနှံစိုက်စွမ်းအား တိုးမြှင့်ရေးအတွက် မျိုးစေ့ထုတ်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထို့အပြင် တောင်သူများနှင့်ပူးပေါင်း၍ မျိုးစေ့ထုတ်ခြင်း၊ နည်းပညာများမျှဝေခြင်းများကို ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပဈေးကွက်ရရှိရေးတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး လုပ်ငန်းစဉ်များ၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်နေမှုအခြေအနေများ၊ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ မျိုးစေ့ထုတ်ကုမ္ပဏီများက မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)