နေပြည်တော် စက်တင်ဘာ ၆
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်ရှိ “လင်းစိန်” ဆီစက်နှင့် ဆီထုတ်ပိုးမှုလုပ်ငန်းနှင့် “အိလက်ရာ” စားသောက်ကုန်းအမျိုးမျိုးထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် “လင်းစိန်” ဆီစက်နှင့်ဆီထုတ်ပိုးမှုလုပ်ငန်းနှင့် “အိလက်ရာ” စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များမှ လုပ်ငန်းလည်ပတ်နေမှုအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင်မှ ပြည်တွင်းထုတ်ကုန်မှ ပြည်ပပို့ကုန်ထုတ်လုပ်နိုင်သည်အထိ တိုးမြှင့်ထုတ်လုပ်စေလိုကြောင်း၊ ထိုသို့ကုန်ထုတ်လုပ်မှုများ တိုးတတ်အောင်ဆောင်ရွက်နိုင်မှသာ နိုင်ငံ့စီးပွားပိုမိုဖွံ့ဖြိုးတိုးတတ်လာမည် ဖြစ်ကြောင်းပြောကြားခဲ့ပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များအား သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်၊ နေပြည်တော်သာသနာရေးမှူး ဦးထွန်းမြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဌာနမှဝန်ထမ်းများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့မှကြီးမှူးကျင်းပသည့် နေပြည်တော်အဆင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တတ်ရောက်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ လယ်ဝေးမြို့၊ မြို့ဦးတိုက်သစ်သံလမ်း ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသူဇန မဟာထေရ်မြတ်မှ ဩဝါဒကထာ မိန့်ကြားတော်မူသည်။
ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် တိုက်အုပ်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဝနတိက္ခ မဟာထေရ်မြတ်မှ ဩဝါဒကထာ မိန့်ကြားတော်မူသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ လယ်ဝေးမြို့၊ မြို့ဦးတိုက်သစ်သံလမ်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသူဇန မဟာထေရ်မြတ်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်က နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် တိုက်အုပ်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဝနတိက္ခ မဟာထေရ်မြတ်အားလည်းကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်သံဃာတော်များအားလည်းကောင်း လှူဖွယ်ဝတ္ထုပစ္စည်းများအသီးသီး ဆက်ကပ်လှူဒါန်းခဲ့သည်။
နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဩဝါဒကထာ မိန့်ကြားတော်မူခဲ့သည်။
ထို့နောက် အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက နေပြည်တော်အဆင့် ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းသို့ တက်ရောက်နေသည့် ဆရာတော်၊ သံယာတော်များအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းအား စက်တင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ၃ ရက်တိုင်တိုင် သင်ကြားပို့ချပေးမည်ဖြစ်ပြီး သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများ၊ သံဃနာယကလက်စွဲနှင့် ဝိနည်းဓမ္မကံမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
မျိုးသီဟ(ပြန်/ဆက်)