မြစ်ကြီးနား စက်တင်ဘာ ၆
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားလာအောင် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမတည်ပေးခဲ့သော ငွေကျပ် ၈ ဘီလီယံအား ပထမနှစ်စက်ဝန်းဖြင့် လုပ်ငန်းများ အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ပြီး ယခုနှစ်တွင် ဒုတိယနှစ်စက်ဝန်းဖြင့် လုပ်ငန်းစီမံကိန်းများ အရှိန်အဟုန်ဖြင့် လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူ ရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် ဆောင်ရွက် မည့် လုပ်ငန်းစီမံကိန်းများအား လုပ်ငန်းယူနစ်အလိုက် ချေးငွေများကို နယ်မြေအခြေအနေအရ အမြန် ဆုံးကွင်းဆင်းစစ်ဆေး၍ လက်စွဲစာအုပ်ပါ လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲအပ်ပေးနိုင်ရေး စီမံဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ရန်ပုံငွေများကို အကျိုးထိရောက်စွာ စီမံခန့်ခွဲနိုင်ရေးနှင့် လုပ်ငန်းများအတွက် ခွင့်ပြုခွဲဝေချထားပေးရာတွင်လည်း ငွေကြေးသုံးစွဲမှု၊ စာရင်းရှင်းတမ်းများကို လည်း စနစ်တကျပြုစုဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ရန်ပုံငွေ ခွဲဝေချထား ပေးနေမှု အခြေအနေများ၊ ဗဟိုကော်မတီမှ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားပြီး ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည် နယ်အတွင်း ဒုတိယနှစ်စက်ဝန်းဖြင့် လုပ်ငန်းယူနစ်အလိုက် ရန်ပုံငွေခွဲဝေချထားပေးမှု အခြေအနေ များ၊ ကော်မတီမှ စိစစ်ခွင့်ပြုရန်ကျန်ရှိသည့် လုပ်ငန်းစီမံကိန်းများကို လည်းကောင်း၊ တက်ရောက် လာကြသည့် ပြည်နယ်ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းစီမံကိန်းအလိုက် ရန်ပုံငွေ ခွင့်ပြုလွှဲပြောင်း ပြီးစီးမှုအခြေအနေများ၊ ခရိုင်/မြို့နယ်ကြီးကြပ်မှုကော်မတီများမှ ထပ်မံစိစစ်တင်ပြလာသည့် လုပ်ငန်း စီမံကိန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီက စီမံခန့်ခွဲရန် ကျန်ရှိသည့် ရန်ပုံငွေများအား ကြန့်ကြာမှုမရှိစေဘဲ၊ ပြည်သူများ အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရန် စနစ်တကျ စီမံ ခန့်ခွဲကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် (ဆွတ်ငိုင်တောင်) နယ်မြေအတွင်း ပိုင်ရှင် ဦးဇော်ယော်၏ TOP အသင့်စား အသားခြောက်အမျိုးမျိုးနှင့် ဝိုင်အမျိုးမျိုး ထုတ်လုပ်ဖြန့်ချီရေးလုပ်ငန်းသို့ သွားရောက်ပြီး ဆိုင်အတွင်း ကချင်ဒေသထွက် သဘာဝတောင်ပေါ် ဟင်းခတ်အမွှေးအကြိုင်များဖြင့် ၎င်းတို့ကိုယ်ပိုင် ထုတ်လုပ်ရောင်းချသည့် အမဲသား၊ ဝက်သား၊ ဆိတ်သား၊ ငါးစသည့် အသင့်စား အသားခြောက်များ နှင့် ဒေသထွက် ဝိုင်အမျိုးမျိုးရောင်းချနေမှုကို လည်းကောင်း၊ ထို့အပြင် ၎င်း၏ နေအိမ်ဝင်းအတွင်း အသားခြောက်အမျိုးမျိုးအား အသင့်စားသုံးနိုင်သော စားသောက်ကုန်အဆင့်ထိ ထုတ်လုပ်နေသည့် လုပ်ငန်းအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဈေးကွက်ရရှိမှု အခြေအနေများ၊ ကုန်ကြမ်း လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့် ကုန်ကြမ်းရရှိရေး၊ လုပ်ငန်းလိုင်စင်ရရှိရေး စသည်တို့ကို ကူညီပံ့ပိုးမှုပေးနိုင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် အဆိုပါ စီတာပူရပ်ကွက် (ငွေပျော်ကောင်)အပိုင်းအတွင်း Wadu Seng Pan (ဝါဒူဆိုင်းပန်)၏ ကချင်ရိုးရာအသင့်စား စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်ပြီး ကြက်၊ ဝက်၊ အမဲ၊ ဆိတ်စသည့် အသားခြောက်များနှင့် ဒေသထွက် အသင့်စား စားသောက်ကုန်ပစ္စည်းများ ထုတ်ပိုးထားရှိမှုနှင့် အသားခြောက်များအား ပေါင်းခံစက်များဖြင့် ထုတ်လုပ်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း အသေးစားကုန်ထုတ်မှုများ တိုးတက်မြင့်မားလာသည်နှင့်အမျှ တစ်ဦးချင်းဝင်ငွေတိုးပွားလာပြီး ပြည်နယ်၏ စီးပွားရေးတိုးတက် မြင့်မားလာမည်ဖြစ်သည့်အတွက် လိုအပ်သည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးနိုင်ရေး ကော်မတီအဖွဲ့ဝင်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)