အမရပူရမြို့နယ်အတွင်း အင်ဂျင်ပါဝါသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

အမရပူရ စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်းစိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းနှင့် စပါးအထွက်နှုန်း ကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ အင်ဂျင်စွမ်းအားသုံး (၆)တန်းသွားလက်ဆွဲကောက်စိုက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုရွာကျေးရွာ၊ ကွင်းအမှတ်(၅၇၀-ခ)၊ ပေါက်အင်းကွင်း၊ ဦးပိုင်အမှတ်(၄၆/၁)ရှိ ဒေသခံတောင်သူ ဦးမြင့်မောင်၏လယ်မြေ   (၃.၀၀)ဧက အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲတွင် မန္တလေးစက်မှုဇုံ၊ ဇွန်ငါးပွင့်စက်မှုလက်မှုလုပ်ငန်း (စိန်ပန်းအဖွဲ့)မှ ထုတ်လုပ်ထားသည့် အင်ဂျင်စွမ်းအားသုံး(၆)တန်းသွား အသုံးပြု၍ စိုက်ပျိုးရာတွင် စိုက်ခင်းလယ် မျက်နှာပြင်ညီညာရန်လိုအပ်ခြင်း၊ ပျိုးခင်းအတွက်နေရာအနည်းငယ်သာ လိုအပ်ခြင်း၊ မျိုးစေ့နှုန်းထားအနည်းငယ်ဖြင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်း၊ ကောက်ကွက်နှင့်ကောက်ပင်အတိမ်အနက် လိုအပ်သလို ချိန်ညှိစိုက်ပျိုးနိုင်ခြင်း၊ ပျိုးသက်နုနုဖြင့် စိုက်ပျိုးခြင်း၊ ကောက်ပင်လှန်မြန်ခြင်းနှင့် ပင်ပွားအရေအတွက် ပိုမိုရရှိခြင်း၊ တစ်ဧက ကောက်ကွက် ပြည့်မီခြင်း၊ ရာသီဥတုပြောင်းလဲလာသည်တို့တွင် အချိန်မီစိုက်ပျိုးနိုင်ခြင်းနှင့် အင်ဂျင်စွမ်းအားသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်၏ စက်မှုပိုင်းဆိုင်ရာအချက်အလက်များကို မြို့နယ်ဦးစီးဌာနမှူး ဦးသွယ်မောင်မောင်ထွန်းမှ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာမိုးဆွေရည်က အကျိုးတူ တောင်သူများအား ဓာတ်မြေသြဇာများ ဖြန့်ဝေပေးခဲ့ပြီး ဆည်မြောင်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဇော်ဝင်းက ရေပေးဝေနိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

အင်ဂျင်စွမ်းအားသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ အမရပူရမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းအဖွဲ့ဝင်များ၊ ကျေးရွာ(၅)ရွာမှ ဒေသခံတောင်သူများ စုစုပေါင်း (၃၇)ဦးခန့် စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုစိုက်ပျိုးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)