မြို့နယ်သမဝါယမအသင်းစု၏ (၂၀၂၃-၂ဝ၂၄) ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

စက်တင်ဘာလ ၅

မန္တလေး၊ အောင်မြေသာစံမြို့နယ် သမဝါယမအသင်းစု၏(၂၀၂၃-၂ဝ၂၄)ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးအခမ်းအနားးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်၊ သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သဘာပတိ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်သူရ၊မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းလင်း၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် အမှုဆောင်ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလှိုင်တို့က အမှာစကား ပြောကြားကြသည်။

ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူသန့်က လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်သမဝါယမအသင်းစု အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များအား အတွင်းရေးမှူး ဦးမောင်မောင်ကြီးက ဖတ်ကြားတင်သွင်းပြီး ၂၀၂၃/၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသင်းစာရင်းစစ် အစီရင်ခံစာကို စာရင်းစစ်အဖွဲ့ဝင် ဦးဘကြည်က ဖတ်ကြားတင်သွင်းသည်။

အစီအစဉ်အရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများနှင့် အမြတ်ခွဲဝေမှုစာရင်းများကို ဦးစီးမှူး ဦးပိုင်ပိုင်စိုးက ဖတ်ကြားတင်သွင်းခြင်း၊ ဖတ်ကြားတင်သွင်းသွားသော ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်းများ၊ အမှုဆောင်လုပ်ငန်း အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို အသင်းဝင်ကိုယ်စားလှယ်များထံမှ အတည်ပြုချက်ရယူသည်။

ထို့နောက် တက်ရောက်လာသော အသင်းဝင်ကိုယ်စားလှယ်ကြီးများမှ နားမလည်သည်များကို မေးမြန်းခြင်း၊ အကြံပြုခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ကြကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသင်းဝင်အသင်းများသို့ အစုပေါ်အမြတ်ငွေများ ပေးအပ်ကြပြီး အောင်မြေသာစံမြို့နယ်အတွင်းရှိ အသင်းဝင်အခြေခံသမဝါယမအသင်းများမှ အသင်းသားများ၏သား/သမီးများထဲတွင် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးသည်။

အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ သမဝါယမအသင်း(၇၆)သင်းမှ အမှုဆောင်ဒါရိုက်တာများ၊ ဖိတ်ကြားထားသူများနှင့် အသင်းသားများ တက်ရောက်ကြသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)