မော်လမြိုင် စက်တင်ဘာ ၅
မွန်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွန်မှုဖြင့် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သည့် မော်လမြိုင်အဆင့်မြင့်ငါးဈေးသစ်စီမံကိန်းသို့ ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှင်းလင်းဆောင်တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပထမပိုင်းအဆင့်ခြံစည်းရိုးကာရံခြင်း၊ Box Culvert ပြုလုပ်ခြင်း၊ အောက်ခံမြေသားပြုပြင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ဆိုင်ခန်းများဆောက်လုပ်မည့်နေရာများကို Power Point ဖြင့်ရှင်းလင်းတင်ပြပြီး မြတ်အဏ္ဏဝါမင်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူက ဆောင်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းရာသီတွင် အချိန်မီပြီးစီးရေး ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အကြုံပြုဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရတနာထွန်း သား၊ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ရောင်းချသည့် ဈေးမှာ မြို့အတွင်းတွင်ရှိသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများကြုံတွေ့ရခြင်း၊ လူနေရပ်ကွက်နှင့်နီးစပ်ခြင်း၊ အမှိုက်နှင့် အနံ့အသက်ဆိုးများ ကင်းဝေးစေရန်အတွက် ယခုနေရာတွင် တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ မြို့ထဲရှိဈေးအား အချိန်မီပြောင်းရွှေ့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းမီတည်ဆောက်ရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်စီမံကိန်း ပထမပိုင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)