လှည်းကူး စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)၌ ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျင်းပပြုလုပ်ခဲ့သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်များနှင့်ပတ်သက်၍ အတွေ့အကြုံများ၊ ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲပြဿနာများ၊ လှည်းကူးမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပွဲတော်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့်အချက်များနှင့် ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်သည်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသော ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများက ပွဲတော်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည်များကို အသီးသီးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လှည်းကူးမြို့နယ်၌ ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်တွင် သုတ/ရသစာအုပ်စာစောင်ပြခန်းများ၊ ဓာတ်ပုံပြခန်းများ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ကျောင်းသား/သူများ ပျော်ရွှင်စေရန် ဂိမ်းကစားနည်းများစာအုပ်အရောင်းဆိုင်များ၊ အသိပညာပေးဟောပြောပွဲများကို ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များ ရေရှည်တည်တံ့ပြီး အစဉ်အမြဲရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရှိရသည်။
အေးအေးနွဲ့ (ပြန်/ ဆက်)