ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက် (၁၄)နှစ်အောက် U-14 Boys Royal – D CUP  2024 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ဒဂုံတောင် စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အ‌ခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် U-14 Boys Royal – D CUP 2024 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက (၂၅)ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌  ကျင်းပသည်။

မြို့နယ်အတွင်း    အခြေခံပညာကျောင်းများမှ ကျောင်းသားလူငယ်များ ကာယပညာနှင့်အားကစားလှုပ်ရှား‌မှုများ ဆောင်ရွက်စေခြင်းဖြင့် လူငယ်တစ်ဦးနှင့်တစ်ဦး၊ ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် ယဥ်ကျေးသိမ်မွေ့မှုစသည့် ကောင်းမြတ်သောအရည်အသွေးများရရှိလာစေရန်၊ ကျောင်းသားများအနေဖြင့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများတွင် ယှဥ်ပြိုင်နိုင်သည့် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကိုသိရှိပြီး တစ်ဦးချင်းဘောလုံးအရည်အသွေးများ တိုးတက်လာစေရန်နှင့် အားကစားဖြင့်နိုင်ငံတော်၏ဂုဏ်ကိုမြှင့်တင်နိုင်မည့် နိုင်ငံ့သားကောင်းအားကစားသမားများပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဩဂုတ် ၃၀ ရက်မှစတင်ကာ ကျောင်းပေါင်းစုံ အသင်း(၁၆)သင်းဖြင့်  ပြိုင်ပွဲကျင်းပပေးခြင်းဖြစ်ပြီး ယနေ့တွင် ဗိုလ်လုပွဲကျင်းပရာ အ.လ.က(၁၂)အသင်းမှ  အ.လ.က(၁၀)အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ အ.လ.က(၁၂)အသင်းမှ ပထမဆု၊ အ.လ.က(၁၀)အသင်းမှ ဒုတိယဆု၊ အ.ထ.က(၅)အသင်းမှ တတိယဆုနှင့် ပွဲစဉ်တ‌စ်‌လျှောက်အသန့်ရှင်းဆုံးဆုကို အ.ထ.က(၂)အသင်း၊ အကောင်းဆုံးဂိုးဖမ်းသမားဆုကို အ.လ.က(၁၂)အသင်းမှ ကျောနံပါတ်(၁) အောင်ကောင်းစံတို့မှ အသီးသီးရရှိကြပြီး အခြေခံပညာဦးစီးဌာန တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ကြကြောင်း သိရသည်။

နေမျိုးအောင်