မုဒုံ စက်တင်ဘာ ၅
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် RS - CS မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက် ဧက ၃၁၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက် လျာထားဧက ၃၀၀ ရှိရာ ဇွန်လနောက်ဆုံးအပတ်မှ စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါ ၃၁၀ ဧက စိုက်ပျိုးပြီးစီးပြီကြောင်း၊ အဆိုပါစိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းစေရန် လိုအပ်သည့် စိုက်ပျိုးနည်းပညာများ၊ စိုက်ပျိုးရေးသွင်းအားစုများ အချိန်မီအချိုးကျထည့်သွင်းနိုင်ရေး၊ မြေဆီလွှာပြုပြင်ရေးလုပ်ငန်းများနှင့် စပါးဖျက်ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ကွင်းတာဝန်ခံများက တောင်သူများနှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ပြောသည်။
မုဒုံမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၇၅၁၉၆ ဧကကို လျာထားခဲ့ရာ ဇွန်လပထမအပတ်မှ စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါ တောင်သူများ၏ကြိုးပမ်းစိုက်ပျိုးမှုကြောင့် ၇၅၆၆၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)