ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၌ မွန်ပြည်နယ်မှ အမျိုးသား/ အမျိုးသမီး စစ်တုရင်အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပဏာမလက်ရည်စမ်းပြိုင်ပွဲ ကျင်းပ

မော်လမြိုင် စက်တင်ဘာ ၅

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၌ မွန်ပြည်နယ်မှ အမျိုးသား/ အမျိုးသမီး စစ်တုရင်အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပဏာမလက်ရည်စမ်းပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၌ မွန်ပြည်နယ်ကိုယ်စားပြု စစ်တုရင်အားကစားနည်းဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပဏာမလက်ရည်စမ်းပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများအား တပ်ဖွဲ့တွင်း စည်းလုံးညီညွတ်မှုရှိစေရန်၊ ကိုယ်စိတ်နှလုံးပျော်ရွှင်မှုရှိစေရန်နှင့် အားကစားဖြင့် ဝန်ကြီးဌာန၏ဂုဏ်ကိုမြှင့်တင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဝန်ကြီးဌာနအတွင်း ဂေါက်သီးရိုက်၊ ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ရေကူး၊ ဘောလီဘော၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဖူဆယ် ဘောလုံး၊ စစ်တုရင်၊ လက်ဝှေ့၊ ကြက်တောင်၊ စက်ဘီးအစရှိသော အားကစားနည်းများကို ပြည်နယ်/တိုင်းဒေသကြီးအလိုက် ခွဲဝေတာဝန်ပေးအပ်ခဲ့ရာ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် စစ်တုရင်အားကစားနည်းကို ပါဝင်ယှဉ်ပြိုင်ရ​​ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် စစ်တုရင်အားကစားနည်း ပါဝင်ယှဉ်ပြိုင်နိုင်ရေးအဆင့် အတန်းမီသော အားကစားသမားရရှိရေးတို့အတွက် ပါဝင်ယှဉ်ပြိုင်ကြမည့် ဝန်ထမ်းများအနေဖြင့် ဉာဏ်စွမ်းရှိသမျှကြိုးစားယှဉ်ပြိုင် သွားကြရန်နှင့် ကျွမ်းကျင်ပညာရှင်များမှလည်း ပြိုင်ပွဲဝင်အားကစားများမှသည် အောင်ပွဲရအားကစားသမားများဖြစ်စေရေး လေ့ကျင့်ပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက စစ်တုရင်ရုပ်အား အကွက်ရွှေ့၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်များ၏ ဝင်ရောက်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ယနေ့ ကျင်းပပြုလုပ်သည့် မွန်ပြည်နယ်မှ အမျိုးသား/ အမျိုးသမီး စစ်တုရင်အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပဏာမလက်ရည်စမ်းပြိုင်ပွဲကို ပြိုင်ပွဲဝင်(၁၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)