မိုင်းဆတ် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက မိုင်းဆတ်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် ပေးအပ်သည့် စာအုပ်စာစောင်များသည် မိုင်းဆတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကျင်းပပြုလုပ်ခဲ့စဉ်က အလှူရှင်များ လှူဒါန်းခဲ့သည့် အလှူငွေဖြင့် စာအုပ်စာစောင်များဝယ်ယူ၍ ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ ယခုပေးအပ်သည့် စာအုပ်စာစောင်များကို လက်ခံရရှိသည့် စာကြည့်တိုက်များအနေဖြင့် စာအုပ်စာစောင်များကို မှတ်တမ်းများထားရှိပြီး စနစ်တကျထိန်းသိမ်းထားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းဆတ်ခရိုင် ဦးစီးမှူး ဦးမျိုးသန့်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတို့က မိုင်းဆတ်မြို့နယ်အတွင်းရှိ စာကြည့်တိုက် (၁၁) တိုက်အတွက် တစ်တိုက်လျှင် စာအုပ်စာစောင် (၁၃၀) အုပ်အားပေးအပ်ရာ သက်ဆိုင်ရာစာကြည့်တိုက်ကော်မတီဝင်များက လက်ခံရယူ၍ စာကြည့်တိုက်ကော်မတီဝင်များကိုယ်စား ဦးစိုင်းရွက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရှင်သန်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က နိုင်ငံတော်မတည်ထောက်ပံ့ငွေကျပ်သိန်း(၁၅၀)စီဖြင့် မယ်နင်ကျေးရွာ စာကြည့်တိုက်နှင့် လွယ်ဆောင်ကျေးရွာ စာကြည့်တိုက်တည်ဆောက်ရန် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက မိုင်းဆတ်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး၊ စာအုပ်စာစောင်များ စနစ်တကျထိန်းသိမ်းထားရှိရေးနှင့် စာအုပ်စာစောင်များ ဆက်လက်တိုးပွားအောင် စာကြည့်တိုက်ကော်မတီဝင်များမှ ကြိုးပမ်းဆောင်ရွက်ရေး စသည်ဖြင့် နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ စာအုပ်စာစောင်ပေးအပ်ပွဲ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဆတ်ခရိုင် ဦးစီးမှူး ဦးမျိုးသန့်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသက်ခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)