၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ  မန္တလေးတိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မန္တလေး စက်တင်ဘာ ၅

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ၊ မန္တလေးတိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောင်းသား/ကျောင်းသူများက အဓိကမျှော်တွေး ကျန်းမာရေးအဖွင့် သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား‌ ပြောကြားရာတွင် ကျောင်းသား ကျောင်းသူများ၊ မိဘများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ကျောင်းကျန်းမာရေး လုပ်ငန်း၏ အရေးပါပုံနှင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များကို ပိုမိုသိရှိလာစေရန်၊ ကျန်းမာရေး အဆင့်မြှင့်ကျောင်း ထူထောင်ရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပံ့ပိုးလာစေရန်၊ ကျောင်းသားကျောင်းသူများမှာ ကျန်းမာရေးနှင့် ညီညွတ်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရေးနှင့် သန့်ရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းပတ်ဝန်းကျင်များ ပေါ်ထွန်းလာစေရေး၊ ရေရှည်တည်တံ့စေရေး အထောက်အကူရစေရန် ရည်ရွယ်၍ နှစ်စဉ်ကျောင်း ကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးအဆင့်မြှင့်ကျောင်းများကို နည်းစနစ်ကျကျ အကျိုးရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရာတွင် အဓိက လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ပြည့်စုံပြီး ဗလငါးတန်ပြည့်ဝသည့် ကျောင်းသားလူငယ်များ ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုးရေး ကျောင်းကျန်းမာရေးအလေးပေး ဆောင်ပုဒ်နှင့်အညီ ကျန်းမာပျော်ရွှင်သည့် ပညာသင်ယူမှု ပတ်ဝန်းကျင်ကောင်း ဖန်တီးနိုင်စေရေး ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များတွင်အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများ မှတ်တမ်းvideo clip ပြသမှုကို ကြည့်ရှုပြီးနောက် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိုင်းဒေသကြီးအဆင့် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများ ချီးမြှင့်ခဲ့ကြောင်း၊ ကျောင်းသားကျောင်းသူများအား ဗီတာမင်အေနှင့် ကျောင်းသူများအား သံဓာတ်အားဆေးများ တိုက်ကျွေးခဲ့ကြောင်း သတင်းရသည်။

ထွန်းထွန်းနိုင်