ဗိုလ်တထောင် စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် စာရင်းစစ်/ စာရင်းကောက်များတွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်က သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးအစီအမံများနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းအောင်မြင်စွာကောက်ယူနိုင်ရေး၊ စာရင်းမှန်ကန်မှုရရှိစေရေးတို့အတွက် စာရင်းကောက်ယူခြင်းလုပ်ငန်းများအား စနစ်တကျလုပ်ဆောင်ကြရန်ပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်သူညွှန့်က ကောက်ယူမည့်နည်းလမ်း၊ ကောက်ယူမည့် အိမ်ထောင်စုမေးခွန်းပုံစံနှင့် အဖွဲ့အစည်းမေးခွန်းများ စသည့်အကြောင်းအရာများကို အသိပညာပေးရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ သန်းခေါင်စာရင်းဆိုင်ရာများနှင့်ပတ်သက်၍ မေးမြန်းလာမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါ မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် စာရင်းစစ်/ စာရင်းကောက်များတွေ့ဆုံပွဲသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်သန်းခေါင်စာရင်းကော်မတီဝင်များ၊ စာရင်းစစ်/ စာရင်းကောက်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်ဝင်း (ပြန်/ဆက်)