ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ဝန်ထမ်းမိသားစုများက လှူဒါန်းသည့်ပစ္စည်းများအား ဂုဏ်ပြုပေးအပ်ပွဲအခမ်းအနား တက်ရောက်

စစ်တွေ စက်တင်ဘာ ၅

ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ထမ်းမိသားစုများက လှူဒါန်းသည့်ပစ္စည်းများအား ဂုဏ်ပြုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့်လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တပ်မတော်သားများသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို သက်စွန့်တာဝန် ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ ထိုသို့တာဝန်ထမ်းဆောင်နေကြသူများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ဝန်ထမ်းမိသားစုများက လှူဒါန်းသည့်ပစ္စည်းများ ဂုဏ်ပြုပေးအပ်ခြင်းဖြစ်ကြောင်း၊ ယခုပေးအပ်သည့်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာရုံးများမှဝန်ထမ်းများနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ ဝန်ထမ်းများနှင့် မိခင်များက စေတနာ၊ မေတ္တာအပြည့်ဖြင့် ကြော်ချက်ထုတ်ပိုးနေသည်ကို မိမိကိုယ်တိုင်တွေ့မြင်ခဲ့ရသည့်အတွက် ယခုပေးပို့သည့်ပစ္စည်းများသည် မေတ္တာစေတနာအပြည့်ဖြင့် ပြုလုပ်ကာ ပေးပို့သည့်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများဖြစ်ကြောင်းနှင့် တပ်မတော်သားများအားလုံး ဘုရား၊ တရား၊ မိဘ၊ ဆရာသမားများ၏ ဂုဏ်ကျေးဇူးကြောင့် ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လှူဒါန်းသည့်ပစ္စည်းများကိုပေးအပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ တိုင်းမှူးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အစိုးရအဖွဲ့ဝင်များသည် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများက ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပေးပို့နိုင်ရန် ငါးနီတူခြောက်များ ကြော်ချက်ထုတ်ပိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ (၃)တွင် ဝန်ထမ်းများက စားသောက်ဖွယ်ရာများနှင့်အသုံးအဆောင်ပစ္စည်းများအား ထုတ်ပိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် Yum Yum ခေါက်ဆွဲခြောက် ၂၀၀၀ ထုပ်၊ သွားတိုက်ဆေး ၅၀၀ ဘူး၊ သွားတိုက်တံ ၅၀၀ ခု၊ premier coffee mix ၁၅၀၀ ထုပ်၊ Platinum Teamix ၁၅၀၀ ထုပ်၊ ORS ဓာတ်ဆားထုပ် ၅၀၀ ထုပ်၊ မုန့်ကြွပ် ၅၀၀ ထုပ်၊ ငါးနီတူခြောက် ၂၅ ပိဿာ၊ စုစုပေါင်းတန်ဖိုး ၈၃၅၀၀၀၀ တန်ဖိုးရှိပစ္စည်းများကို ထုတ်ပိုးကာပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)