ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၅

ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများနှင့် အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာ၊ အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်များတွင် စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိလာစေရေး၊ စာအုပ်စာပေများလေ့လာဖတ်ရှုပြီး ဗဟုသုတများရရှိရေး၊ ဗလငါးတန် ဘက်စုံထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များဖြစ်လာစေရေးနှင့်ပတ်သတ်၍ ရှင်းလင်းဟောပြောခဲ့သည်။

ယင်းနောက် ဒက္ခိဏသီရိမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်ဝင်းသီရိလှိုင်က ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပေါ်ထွန်းလာ‌စေရေး၊ အားကစားနည်းစနစ်များ၊ အားကစားနှင့်ပတ်သတ်သည့် အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဉာဏ်စမ်းအမေးအဖြေကဏ္ဍတွင် ဆုရရှိသော ကျောင်းသူ၊ ကျောင်းသားများကို ဗလာစာအုပ်များ ဆုချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူသည်။

အခမ်းအနားအပြီးတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ လူငယ်အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)