ကျောက်ဆည် စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်သည် ရှေးယခင်ကတည်းကပင် ဆည်၊ မြောင်း၊ ချောင်းကန်ပေါများသည့် ဒေသဖြစ်သည်နှင့်အညီ ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပြီး ယာမြေများတွင် ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံ၊ ဝါ၊ ဖူးစားပြောင်း၊ ငရုတ်၊ နနွင်း၊ ဟင်းသီး/ဟင်းရွက်နှင့် ကျွဲ၊ နွားစာများ အမျိုးမျိုး စိုက်ပျိုးကြကြောင်းနှင့် ပင်တလည်ကျေးရွာတွင် နေထိုင်ကြသော တောင်သူအချို့သည် ပန်းမုံလာ သီးနှံများ နှစ်ပတ်လည်စိုက်ပျိုးကြကြောင်း သိရသည်။
ပန်းမုံလာစိုက်ပျိုးခြင်းများနှင့် ပတ်သတ်၍ ပိုင်ဆိုင်သည့်မြေများသည် သဲနုန်းဆန်သည့် မြေနုများ ဖြစ်သောကြောင့် မြေအောက်ရေတွင်းတူး၍ ကိုယ်ပိုင်ရေတင်စက်ဖြင့် တောင်သူလုပ်ငန်း လုပ်ကိုင်ကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် သွင်းအားစု၊ လုပ်အား၊ ဈေးကွက်အနေအထားအား လုံးခြုံငုံပြီး စိုက်ပျိုးရတာဖြစ်သည့်အတွက် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး စီးပွားဖြစ်နိုင်သည့် ပန်းမုံလာသီးနှံကို ရွေးချယ်ပြီး အဓိကထားကာ နှစ်ပတ်လည်စိုက်ပျိုးကြောင်း တောင်သူဦးဆန်းဝင်းက ပြောပြသည်။
ပန်းမုံလာတစ်ဧက စိုက်ပျိုးမည်ဆိုပါက မျှားနီတံဆိပ်ဆိုလျှင် မျိုးထုပ်(၅)ထုပ် ပျိုးထောင်ရကြောင်း၊ ပန်းမုံလာပင်များသည် ရာသီဥတုဒဏ်နှင့် ပိုးမွှားအန္တရာယ် ကျရောက်ပါက ပျက်စီးမှုလွယ်သည့် သီးနှံတစ်တစ်မျိုးဖြစ်သောကြောင့် နေ့စဉ်ကြည့်ရှုရပြီး သဘာဝပိုးနှင့် ဆေးများကို အဆက်မပြတ် ဖျန်းပေးရကြောင်း၊ ပန်းမုံလာတစ်ဧက စိုက်ပျိုးထားပါက အပင်အရေအတွက် (၁)သောင်းနှစ်ထောင်ခန့် ဝင်ဆန့်ပြီး ဝယ်ယူမည့် ပွဲစားများက စိုက်ခင်းအထိ လာရောက်ကြည့်ရှုပြီး ကာလပေါက်ဈေးဖြင့် စိုက်ခင်းပြတ် စာချုပ်ဖြင့် ဝယ်ယူသည့်အတွက် ငွေအပုံလိုက်ရသောကြောင့် အခြားလူမှုရေး၊ စီးပွားရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရာတွင်လည်း အဆင်ပြေသည့်အတွက် ပန်းမုံလာသီးနှံကို အဓိကထား စိုက်ပျိုးကြကြောင်း၊ ပန်းမုံလာစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)