ကလောမြို့နယ် ရှော်တောကျေးရွာ၌ ပထမအကြိမ် မော်တော်ဆိုင်ကယ်အခြေခံ ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲ ကျင်းပ

ကလော စက်တင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ရှော်တောကျေးရွာတွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထို့ပြင် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်မည့်လုပ်ငန်းအဖြစ် ရှော်တောကျေးရွာတွင် ပထမအကြိမ်မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့ဝင်များ၊ ဒေသခံရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးပွားရေး လုပ်ငန်းခေါင်းစဉ်နှင့် ရွှေမင်းဖုန်းကျေးရွာအုပ်စုထဲမှာ ဒေသခံများအနေဖြင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းများ ပေါ်ထွက်လာနိုင်ရေးနှင့် မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်ကြားပေးလိုက်သည့် အတတ်ပညာတွေကို အခြေတည်ပြီး မိမိတို့ ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင်ဖွင့်လှစ်သည့် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေလိုကြောင်း ပြောကြားခဲ့သည်။ မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်းပထမအကြိမ်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှစက်တင်ဘာလ ၃ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ဖြင့် ရက်ပေါင်း ၃၀ သင်ကြားပေးခဲ့ပြီး ဒုတိယအကြိမ် အဆင့်မြင့်သင်တန်း (၁၅)ရက်ကို စက်တင်ဘာလ ၁၀ ရက်နေ့တွင် သင်တန်းသား (၁၀)ဦးဖြင့် ပြန်လည်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းဆင်းများထဲက သင်တန်းထူးချွန်ပြီးလုပ်ငန်းထူထောင် လုပ်ကိုင်လိုသူ (၅)ဦးကို စိစစ်ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများပေးအပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။

 မြို့နယ်(ပြန်/ဆက်)