မြစ်ကြီးနား စက်တင်ဘာ ၅
ကချင်ပြည်နယ်အတွင်း (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲကို ဘာသာရပ်အလိုက်၊ ပြိုင်ပွဲအမျိုးအစားအလိုက် စုံလင်စွာဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အဆင့် ပြိုင်ပွဲကို မြစ်ကြီးနားမြို့၌ ဘာသာရပ်အလိုက်၊ ပြိုင်ပွဲအမျိုးအစားအလိုက် စုံလင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ရေး၊ ပြိုင်ပွဲဝင်များ နေထိုင်စားသောက်မှုနှင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများ အဆင် ပြေချော မွေ့စေရေး ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များ လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြ နိုင်ရေး ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ မြို့နယ်များမှ ပြိုင်ပွဲဝင်စာရင်းကောက်ယူထားရှိမှု အခြေအနေများ၊ ခရိုင်/မြို့နယ်များမှ ဘာသာရပ်အလိုက်၊ ပြိုင်ပွဲအမျိုးအစားအလိုက်၊ အသက်အရွယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အသေးစိတ်လူဦးရေစာရင်းကောက်ခံထားရှိမှု အခြေအနေများ၊ လိုအပ်ချက်များ၊ အခက်အခဲများနှင့် တင်ပြဆွေးနွေးရန် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပမည့်နေ့ရက်ကို ပြင်ဆင်သတ်မှတ်ပြီး ကြိုတင်စီစဉ်ဆောင်ရွက်ထားရမည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲကို မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ဩဂုတ်လ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ခရိုင်/ မြို့နယ်များမှ ပြိုင်ပွဲဝင်များက ဘာသာရပ် (၂၆)မျိုး တွင် အသက်အုပ်စုအလိုက် ပြိုင်ပွဲဝင်ဦးရေ (၁၁၀)ကျော်ဖြင့် ယှဉ်ပြိုင်ကျင်းပနိုင်ရေး စီမံဆောင်ရွက်ထားရှိသည့်အပြင် ပြိုင်ပွဲဝင်များ တည်းခိုနေထိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)